Friday, October 6, 2017

အင်္ဂလိပ်လို စဉ်းစားတတ်အောင်သာ လေ့ကျင့်ပါ

အင်္ဂလိပ်စကားကို Native Speaker တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် သဘာဝကျကျပြောဆိုနိုင်ဖို့ နည်းလမ်းများ မျှဝေပေးချင်ပါတယ်။

Native Speaker တစ်ယောက်ကဲ့သို့ ပြောဆိုနိုင်ဖို့ဆိုရင် ပထမဆုံးက သူတို့ရဲ့ အတွေးကို မြင်နိုင်ရပါမယ်။ ပြီးတော့ အခြားတစ်ယောက်ကပြောဆိုနေစဉ် အင်္ဂလိပ်စကားလုံးတိုင်းကို မိမိခေါင်းထဲမှာ ဘာသာလိုက်ပြီး ပြန်ဆိုနေတတ်သလား မိမိကိုယ်ကို မိမိ ပြန်လည်ဆန်းစစ်ကြည့်ပါ။ အဲဒီလို ဘာသာလိုက်ပြန်နေပြီဆိုရင် အင်္ဂလိပ်လိုပြောဆိုဖို့ အချိန်ကုန်လူပန်း မပြောတတ်၊ မဆိုတတ်တော့ပါဘူး။ ဆိုလိုတာက အဲဒီလို မိမိစိတ်ထဲမှာ ဘာသာလိုက်ပြန်ဆိုနေခြင်းသည် ကောင်းတဲ့ အကျင့်မဟုတ်ပါလို့ ဆိုလိုတာပါ။

ဒါဆိုရင် ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် ဘာတွေလုပ်ရမလဲ မေးခွန်းထွက်လာပါပြီ။ ကျွန်တော်အနေဖြင့်တော့ ဒီပို့စ်မှာ လိုရင်းတိုရှင်း အကြံပြုချင်ပါတယ်။

Think in English (အင်္ဂလိပ်လိုစဉ်းစားတတ်အောင်လေ့ကျင့်ပါ)

ဘယ်လိုလေ့ကျင့်ရမလဲဆိုရင် -

() Start with simple vocabulary (လွယ်ကူရိုးရှင်းတဲ့ စကားလုံးကနေ စတင်ပါ)

ဥပမာ- မိမိကျင်လည်ရတဲ့ ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုအမည်များကို အင်္ဂလိပ်လို ခေါ်တတ်၊ပြောတတ်အောင် တစ်ပတ်ခန့် အရင်ဆုံးလေ့ကျင့်ဖြစ်အောင်လေ့ကျင့်ပါ။ ပထမဆုံး မိမိအိပ်ခန်း၊ စာသင်ခန်း၊ အလုပ်ခန်း၊ မီးဖိုခန်း၊ ဧည့်ခန်းစသည်ဖြင့် အခန်းထဲရှိ အရာဝတ္ထုအမည်များကို မြန်မာလို လုံးဝမစဉ်းစားဘဲ အင်္ဂလိပ်လို လေ့ကျင့်ပါ။ ဥပမာ - shoes, desk, flower, door, window, chair, book, computer အစရှိသည့် မိမိဝန်းကျင်ရှိ အရာများကို နေ့စဉ်လေ့ကျင့်ပါ။

မိမိအလုပ်သွားရင်းလည်း ရထားနဲ့သွားရတာရှိမယ်၊ ကားနဲ့သွားရတာရှိမယ်၊ စက်ဘီး၊ ဆိုင်ကယ် စသဖြင့် သွားနေစဉ် မိမိတွေ့မြင်သမျှအရာတိုင်းကို တတ်နိုင်သလောက် အင်္ဂလိပ်လို တွေးပါ။ dog, factory, busy, windy, people စသဖြင့်ပေါ့….

အထက်ပါအတိုင်းလုပ်ဖို့ စိတ်မတည်ငြိမ်ဘူးဆိုရင်တော့ မိမိအိမ်မှာသော်လည်းကောင်း၊ အခြားစိတ်တည်ငြိမ်အောင် စုစည်းနိုင်မယ့်နေရာတစ်နေရာရာမှာ တရားထိုင်၊ တရားမှတ်သကဲ့သို့ မျက်စိကိုမှိတ်၊ အသက်ကို ပြင်းပြင်းရှူ၊ အာရုံမပြန့်လွှင့်အောင် စိတ်ကို စုစည်းပြီး တည်ငြိမ်ပြီဆိုရင် မျက်စိကိုဖွင့်၊ မိမိရှေ့မှာ တွေ့မြင်ရတဲ့ အရာများကို မြန်မာလိုလုံးဝလုံးဝ မစဉ်းစားဘဲ အင်္ဂလိပ်လိုပဲ စဉ်းစားတတ်စေဖို့ ကြိုးစားကြည့်ပါ။ ဒီအဆင့်ဟာ လွယ်တယ်ထင်ရပေမယ့် တကယ်လုပ်ကြည့်မှ စိတ်ရှည်သီးခံနိုင်စွမ်းမရှိရင် နောက်တစ်ဆင့်တက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် နေ့စဉ်အချိန်သတ်မှတ်ပြီး တစ်ပတ်တန်သည်၊ တစ်လတန်သည် လေ့ကျင့်ပါ။

() Think with simple sentences

ဥပမာ- ကိုယ်ရှေ့မှာ မိန်းခလေးတစ်ယောက် ဒါမဟုတ် လူတစ်ယောက်ဖြတ်သွားတာကို အမှတ်တမဲ့ကြည့်လိုက်ပြီး သူရဲ့ ဆံပင်ရှည်နေတာကိုမြင်တယ်ဆိုရင် His/ her hair is very long. (or) she is very beautiful. (or) He is very smart. အစရှိသဖြင့် simple sentence တွေနဲ့စဉ်းစားမိအောင် လေ့ကျင့်ပါ။ What is he eating for lunch? Or That chair looks really uncomfortable. Or How beautiful it is. အစရှိသဖြင့် မိမိမြင်မိသမျှနဲ့ဆက်စပ်ပြီး ရိုးရှင်းလွယ်ကူတဲ့ အင်္ဂလိပ်စာကြောင်း သုံးကြောင်းလောက်ကို မြန်မာလိုလုံးဝလုံးဝ မစဉ်းစားမိစေဘဲ အင်္ဂလိပ်လို စဉ်းစားနိုင်အောင် နေ့စဉ်လေ့ကျင့်ပါ။ ဒီအဆင့်ကို မရနိုင်သေးဘူးလား မိမိကိုယ်ကို သုံးသပ်ကြည့်ပါ။ မရသေးဘူးဆိုရင် အဆင့် () Start with simple vocabulary ပိုင်းကို ပြန်လေ့ကျင့်ပါ။

() Plan your day in English with simple sentences

ဒီအဆင့်မှာတော့ မနက်အိပ်ယာနိုးတာနဲ့ ချက်ချင်းမထသေးဘဲ မိမိရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တာတွေကို အင်္ဂလိပ်လိုစဉ်းစားပြီး အစီအစဉ်ဆွဲတတ်အောင် လေ့ကျင့်ရမယ့်အပိုင်းပါ။ (ပြန်တော့ မအိပ်ပျော်သွားစေနဲ့ပေါ့ဗျာ :D ) ဥပမာ-

After I have my breakfast, I’ll walk to the bus-stop and catch the bus to work/school. On the bus I’m going to read my book. I’m meeting my friends for lunch and I think we’re going to get take-away and eat in the park. It’s going to be such a nice day.

ဒီအဆင့်ကိုလည်း တစ်ပတ်တန်သည်၊ တစ်လတန်သည်ဖြစ်ဖြစ် ပုံမှန်လေ့ကျင့်ပါ။
အထက်ပါ အဆင့်()ဆင့်ကို ကျော်ဖြတ်ပြီးသွားရင်တော့ မိမိနဲ့ အင်္ဂလိပ်လို ပြောဆိုဆွေးနွေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို ရှာဖို့ လိုအပ်လာပါပြီ။

() Think in Conversation

ကိုယ့်သူငယ်ချင်းနဲ့ အမေးအဖြေသဘောမျိုး ထွေးရာလေးပါ ပြောဆိုတာမျိုးလေးတွေ လေ့ကျင့်ပါ။ ဥပမာ-

“It’s very hot today, isn’t it? Yes, it is. I wish I’d brought my hat and that sun is scorching!

It reminds me of the week that I spent in Mandalay actually; it was over 40 degrees Celsius!

Hey, are you sure Min Naing’s waiting us here? We’ve been waiting for so long now.

အထက်ပါအတိုင်း ပုံမှန်တစ်နေ့ကို မိမိအချိန်ပေးသလောက် မှန်မှန်လေ့ကျင့်သွားပါက အင်္ဂလိပ်စကားကို Native Speaker တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် သဘာဝကျကျပြောဆိုနိုင်လာပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်။

Kyaw Swa Htoon

Pioneer English Centre (Maubin)

“အင်္ဂလိပ်စာကို လေ့လာရင်း မြန်မာစာကိုလည်း ပစ်မထားကြစေချင်”


အင်္ဂလိပ်ကနေ မြန်မာပြန်တာ ခက်သလို၊ မြန်မာကနေ အင်္ဂလိပ်လို ပြန်ရင်လည်း အခက်အခဲတွေတွေ့ရမှာပါပဲ။ သူတို့ အင်္ဂလိပ်တွေကိုလည်း အထင်သေးလို့ မရဘူး။ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ နီးပါးအုပ်စိုးသွားခဲ့လေတော့ အုပ်ချုပ်သူအင်္ဂလိပ်တွေကိုယ်တိုင် မြန်မာရာဇဝင်၊ မြန်မာစာကို တီးမိခေါက်မိရှိကြရပါတယ်။ 

ဆရာယုဒသန်ဆိုရင် ခရစ်ယာန်ဖြစ်ပေမယ့် မြန်မာစာ ဘယ်လောက်ကျွမ်းကျင်သလဲဆိုရင် သူရေးတဲ့ယုဒသန် အင်္ဂလိပ်-မြန်မာအဘိဓါန်မှာ ဒီလိုတွေ့ရမှာပါ။ 

- Ability to speak ကိုအာစလျှာစ
- Good quality ကိုသမ္ဘာရင့်"
- Wise-seeing ကိုဒိဗ္ဗစက္ခုဥာဏ်နဲ့ ပြည့်စုံသော
- Beyoung bearing ကိုမချိတချိ
- Boldly man ကိုကျားကျားလျားလျားယောက်ျား
- God ကိုဘုမ္မစိုး
- God father ကိုခေါင်းကိုင်အဖေ
- Extra ordinary person ကိုလူကုံမသား
- Light-fingered ကိုလက်ဆော့သော
- Original character ကိုပင်ကိုစရိုက်
- Juice of flowers ကိုပန်းဝတ်ရည်
- Judgement seat ကိုတရားပလ္လင်
- Joy ကိုပီတိ၊ မုဒိတာ၊ ရွှင်လန်းသည်
- Fatherless lover ကိုရည်းစားပျက်” 

အဲဒီလို မြန်မာစကားကို ပိုင်ပိုင်နိုင်နိုင်ပြန်ဆိုနိုင်တာက ဆရာယုဒသန်(ဂျက်ဆင်) ရဲ့ အရည်အချင်းများပါ။

ဒါကြောင့် ဘာသာပြန်ဆိုသူဟာ နှစ်ဘာသာစလုံး စွယ်စုံကျွမ်းကျင်နေရပါမယ်။ ပြန်ဆိုသော ပညာရပ်ကိုလည်း ကျွမ်းကျင်ရပါမယ်။
မြန်မဘာသာပြန်စာပေမှာတော့ ဆရာကြီးရွှေဥဒေါင်းအပါအဝင် အခြားသော အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ပိုင်နိုင်ကျွမ်းကျင်သူတွေ အများကြီး ပေါ်ထွန်းခဲ့ပါတယ်။ 

- Pillow talk ကိုသစ္စာပြိုင်တူ
- Beautiful but bad ကိုလှလေခက်လေ
- From here to eternity ကိုရေမြေးဆုံးစေတော့ကွယ်
- His lady ကိုမြတ်နိုးသူ
- The second husband ကိုနောက်လင်
- I’ll never forget you ကိုမမေ့နိုင်
- The way ahead ကိုခရီးပန်းတိုင်
- Married and single ကိုလင်နဲ့ အပျို
- Gentleman for a day ကိုကြက်သူခိုး
- Great expectation ကိုမျှော်တလင့်လင့်
- Under the clear sky ကိုမိုးစဲသော အခါသမယ

ဆရာကြီး ဒေါက်တာထင်အောင် ဆိုလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာကို ကျွမ်းကျင်ပိုင်နိုင်တာကို တွေ့ရမှာပါ။ Burmese  folk tales မှာပါဝင်ပြီးမြန်မာလူမျိုးတိုင်းကြားဖူးတဲ့မောင်ပေါက်ကြိုင်းပုံပြင်ထဲမှနဂါးနဲ့ညားနေတဲ့ မိဘုရားကြီးက မောင်ပေါက်ကြိုင်းကို ပညာစမ်းတဲ့အခန်းမှာ ပြောလိုက်တဲ့စကားထှာက 

ထောင်ပေးလို့ ဆုတ်၊
ရာပေးလို့ ချုပ်၊
ချစ်တဲ့သူအရိုး ဆံထိုးလုပ်ဆိုတဲ့ စကားထှာကို ဆရာကြီး အင်္ဂလိပ်လို ဘာသာပြန်လိုက်တာက

“For a thousand, he was torn,
For a hundred, he was sewn,
The loved one’s bone was made into a hair pin” လို့ ပြန်လိုက်တာ ဘယ်လောက် ခန့်ညားလိုက်သလဲဗျာ။

နောက် စလေဦးပုည ရေးတဲ့ရေသည်ပြဇာတ်ထဲမှ ရေသည်ယောက်ျားက ရေသည်မိန်းမတွေ့စဉ် ပြောလိုက်တဲ့စကားက 

ဆံထုံးတော်ကြီး၊ တမာသီးနှင့်
ခါးဆည်းဝတ်လဲ၊ ချုပ်စပြဲကို
တဲအပ်နဲ့တွယ်၊ လူမြင်သမျှ
စိတ်ပျက်အောင် လှပါတဲ့၊ မရေသည်ဖြစ်ပါတယ်။ 

အဲဒါကို ဆရာကြီး ပြန်ဆိုလိုက်တာက စလေဦးပုည ရဲ့ အာဘော်လည်း မလွတ်အောင် အင်္ဂလိပ်လူမျိုးများကိုလည်း နားလည်အောင် ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် ဘာသာပြန်ဆိုခဲ့ပါတယ်။ 

ဆရာကြီး ပြန်ဆိုလိုက်တာက
“My water-seller with luxuriant hair, so luxuriant that the knot is as big as an orange pip, lady with the dress all patched up, lady who is so beautiful that men turn their eyes away.”

ဒါကြောင့် ဘာသာပြန်ဆိုမယ်ဆိုရင် နှစ်ဘာသာစလုံး ပိုင်နိုင်ကျွမ်းကျင်အောင် လေ့လာထားသင့်ပါတယ်။ နောက်များအလျင်းသင့်ရင် ဘာသာပြန်အလွဲများကိုလည်း ရေးပါအုံးမည်။ ကျေးဇူးတင်ပါတယ်။

Kyaw Swa Htoon

Pioneer English Centre

English ဘာသာစကားကိုဘယ်လိုလေ့လာမလဲ

ကျွန်တော် အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ပြီး သင်နေပေမယ့် ပိုစ့်အနေနဲ့ တင်တာမရှိပါဘူး။ ဒီပို့စ်လေးတော့ တင်ပါရစေ။

အင်္ဂလိပ်ဘာသာစကားကို လေ့လာနေသူများအတွက် အကြံပြုချက်
*************************************************
ဒီအကြံပြုချက်က အင်္ဂလိပ်ဘာသာစကားကို ဘယ်က စလေ့လာရမလဲ ဆိုတဲ့ သူများအတွက်သာဖြစ်ပါတယ်။ တတ်ကျွမ်းပြီး ဆရာများကို မရည်ရွယ်ပါ။ ဘာလို့ရေးဖြစ်သွားတာလည်းဆိုရင် အမေစု မိန့်ခွန်းပြောနေစဉ် ကျွန်တော့် သင်တန်းက သင်တန်းသူ၊သင်တန်းသားတွေနဲ့အတူနားထောင်ရင်း သူတို့တွေက အမေစုပြောသလိုမျိုး အင်္ဂလိပ်လို မိန့်ခွန်းတွေ၊ ဇာတ်လမ်းတွေထဲက ဒိုင်ယာလော့တွေ တိုက်ရိုက်နားလည်ချင်တာတဲ့။ဒါကြောင့် ရေးဖြစ်သွားတယ်လို့ ဆိုရပါမယ်။ :D
အင်္ဂလိပ်စာကို အထူးစိတ်ဝင်စားသူများအနေဖြင့် အင်္ဂလိပ်စာကို ဘယ်ကနေ စလေ့လာရမလဲ ဆိုပြီး ကျွန်တော် အမေးခံရလေ့ရှိပါတယ်။
အခုကျွန်တော်ပြောပြမယ့် အကြံပြုချက်ကလည်း ပြီးပြည့်စုံတဲ့ အကြံပြုချက်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် စနစ်တကျလေ့လာနိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ နားလည်တတ်ကျွမ်းသွားမှာပါ။
အင်္ဂလိပ်စာကို အစကနေပြီး ပြန်လည်လေ့လာလိုသူများအတွက် ပထမဆုံး စာဖတ်(Reading)ဖို့အတွက် ဘာတွေ ပြင်ဆင်ရမလဲ ပြောပြပါမယ်။

() Eight parts of Speech ကို အရင်ဆုံး စနစ်တကျလေ့လာလိုက်ပါ။
ဘာကြောင့်လဲဆိုရင် Sentence တစ်ကြောင်းကိုဖတ်ရင်းနဲ့ Eight Parts of Speech အရ Noun, Adjective… အစရှိသဖြင့် မှန်ကန်စွာ ခွဲခြားတတ်အောင် အရင်ဆုံး လေ့လာပါ။ လွယ်ပါတယ်ဆိုပြီး ကျော်သွားခဲ့ရင် နောက်အဆင့်တွေမှာ ဒုက္ခပေးပါလိမ့်မယ်။ Eight parts of Speech ကို ပိုင်နိုင်လာပြီဆိုရင် စာကြောင်းတိုင်းမှာရှိတဲ့ Word တွေကိုပိုင်နိုင်လာပါလိမ့်မယ်။ 

() Phrase တွေကို ပိုင်နိုင်အောင်လေ့လာပါ။ Phrase တွေမှာ အကြမ်းအားဖြင့် သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ Noun Phrase, Adjective Phrase နဲ့ Adverb Phrase တို့ပါ။ ဒီအပိုင်းတွေကိုအသေးစိတ် ပိုင်နိုင်ခဲ့ရင်အင်္ဂလိပ်ဘာသာစကားဟာ ရှေ့ခရီးဆက်သွားဖို့ တော်တော်လွယ်ကူလာပါလိမ့်မယ်။ Simple Sentence များကိုပါပိုင်နိုင်လာပါမယ်။

() Clause အပိုင်းပါ။ ဒီအပိုင်းကတော့ အင်္ဂလိပ်စာကို သာမန်လေ့လာသူတွေ အမှတ်တမဲ့ပဲ လေ့လာကြမယ်ဆိုရင် အမှားကြီး မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရေး၊ အဖတ်၊ အပြော၊ သူတစ်ပါးပြောတာကို နားထောင်ရတဲ့ အပိုင်းတွေမှာ အများဆုံး ပါဝင်လို့ပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ မိန့်ခွန်းမှာဆို Clause တွေအများကြီး ပါဝင်ပါတယ်။ ပြန်လည်လေ့လာကြည့်ပါ။ Clause မှာလည်း အဓိကအားဖြင့် သုံးမျိုးပိုင်းပြီး လေ့လာနိုင်ပါတယ်။ အဲဒါတွေကတော့ Noun Clause, Adjective Clause နဲ့ Adverb Clause တွေပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ မိန့်ခွန်းရဲ့ အစပိုင်းမှ ဒီစာကြောင်းကိုလေ့လာကြည့်ပါ။ Sentence Structure အကြောင်းတော့ ပြီးမှ ပြောပြပါမယ်။

“Last year when I addressed the United Nations General Assembly as a representative of the newly established government of Myanmar we reaffirmed our faith and confidence in the purposes and principles of the charter of the United Nations.”

အဲဒီစာကြောင်းမှာဆိုရင် Clause တစ်ခုအပါအဝင် Phrase တွေနဲ့ ပြောသွားတာပါ။ Phrase တွေ၊ Clause တွေကိုမှ မလေ့လာထားဘူးဆိုရင် Native Speaker များမှ လွဲ၍ Second Lauguage သမားတွေ  နားရှုပ်သွားကြမှာပါ။ တိုက်ရိုက်နားထောင်ဖို့ ခက်ခဲတယ်လို့ ဆိုလိုတာပါ။ အလားတူ sentence မျိုး များစွာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ အများအပြားပါဝင်ပါတယ်။ ဝါကျဖွဲ့စည်းပုံအရ ပြောရမယ်ဆိုရင် ရှုပ်ထွေး (Complex Sentence) တဲ့ ဝါကျမျိုးပါ။ အောက်ပါစာကြောင်းတွေမှာ လေ့လာကြည့်ပါ။ Clause သုံးမျိုးစလုံးကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး ပြောသွားတာပါ။

“Peace and stability were something we had to achieve after nearly 70 years of internal conflict that started on the day of our independence back in 1948.”

“I am aware of the fact that the world’s attention is focused on the situation in Rakhine State and as I said at the General Assembly last year, as a responsible member of the community of nations, Myanmar does not fear international scrutiny and we are committed to a sustainable solution that would lead to peace, stability and development for all communities within that state.”

“It was with the intention of putting an end to wars, that is to say putting an end to conflicts, that the United Nations was established and I would like to think that what we are doing here today may be the beginning of a truly strong and effective movement to bring an end to all the conflicts within Myanmar, the conflicts between our communities, between our people, also the conflict of ideas in regard to how we are to go forward.”

ဒါတွေက ဥပမာအနေဖြင့် ထုတ်ပြတာပါ။ ဒီစာကြောင်းတွေကို ဖတ်ကြည့်လို့မှ နားမလည်နိုင်သေးဘူးဆိုရင် တိုက်ရိုက် Live ကို နားလည်ဖို့ မလွယ်ပါဘူး။ ဒါအပြင် အင်္ဂလိပ်ဘာသာစကားရဲ့ အသံစနစ် (phonology) ပိုင်းကိုပါ လေ့လာထားသင့်ပါတယ်။ ဒီပို့စ်မှာတော့ Phonemes အပိုင်းတွေကို အနည်းငယ်လောက်ပဲ ပြောပြပေးပါမယ်။

() Sentence Structure ပိုင်းကို ပိုင်နိုင်ကျွမ်းကျင်အောင် လေ့လာထားရပါမယ်။ Sentence အပိုင်းမှာ မူရင်း အင်္ဂလိပ်သဒ္ဒါဆရာကြီးများတောင် တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ အမျိုးအစားများစွာရှိကြောင်း လေ့လာသိရှိရပါတယ်။ အခြေခံအားဖြင့် ဒီ ငါးမျိုးကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်အောင် လေ့လာထားသင့်ပါတယ်။ အဲဒါတွေကတော့ 
- Subj + V
- Subj + V + C ( C= Complement_ Noun, Adj, Adv)
- Subj + V + O
- Subj + V + IO + DO ( IO= Indirect Object/ DO= Direct Object)
- Subj + V + O + C

အထက်မှာ ပြောပြခဲ့တာတွေကတော့ အဓိကအားဖြင့် စာဖတ်ဖို့နဲ့ စာရေးတဲ့ နေရာတွေမှာ ပိုင်နိုင်ကျွမ်းကျင်နေဖို့အတွက် လိုအပ်ပါတယ်။ အဓိကပြောချင်တာက အထက်ပါနည်းစနစ်တွေ ကျွမ်းကျင်လာပြီဆိုရင် Vocabulary ပဲ လေ့လာစရာကျန်ပါတော့တယ်။ ဒါကလည်း သိပ်ပြီး ခက်ခဲတဲ့ အနေအထားမဟုတ်ပါ။ နောက်များမှ Vocabulary ပိုင်းကို ဘယ်လိုလေ့လာသင့်ဆိုတာကို အေးအေးဆေးဆေး ရေးပါအုံးမယ်။

အခု ဆက်ပြီး အကြံပေးချင်တာက အင်္ဂလိပ်ဘာသာစကားကို တိုက်ရိုက်နားထောင်ပြီး နားလည်နေဖို့က အထက်က ပြောခဲ့တာတွေကို ပိုင်နိုင်နေရုံနဲ့ မလုံလောက်သေးပါဘူး။ ဘာလို့လဲဆိုရင် အင်္ဂလိပ်ဘာသာစကားဆိုတာ Stress ဘာသားစကားဖြစ်လို့ပါ။ အသံအနိမ့်အမြင့်၊ အဖိအဖော့နဲ့ Roller Coaster စီးရသလိုပါပဲ :D English is a musical language and learning English is like riding roller coaster. 

ဒါဆိုရင် အင်္ဂလိပ်ဘာသာစကားမှာ အသံစနစ်က ဘယ်လောက်အရေးကြီးကြောင်း ခန့်မှန်းမိလောက်ပြီထင်ပါတယ်။ အချိန်ရမယ်ဆိုရင် အမှန်တကယ်လည်း လေးလေးနက်နက်လေ့လာချင်တယ်ဆိုရင် Phonetics ပိုင်းပိုပါ လေ့လာပါ။ 

အဲဒီအပိုင်းနဲ့အတူတစ်ပြိုင်နက်တည်း လေ့လာမိသွားနိုင်တာက Stress, intonation, Glide, Linking system, silent sound တို့ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းတွေကိုပါ လေ့လာမိသွားပြီဆိုရင် အမေစု Live လွှင့်နေစဉ် မိန့်ခွန်းထဲက လို စကားပြောတွေကို တိုက်ရိုက်နားလည်နိုင်ဖို့ နီးစပ်လာပါပြီ။

အမေစု မပြောလိုက်ပေမယ့် My Country is my world လို့ ကြားမိလိုက်တယ်ဆိုရင် အထက်ပါ အသံစနစ်တွေကို နားမလည်လို့နဲ့၊ အင်္ဂလိပ်လို နားထောင်တဲ့ အကျင့် မရှိလို့သာ ဖြစ်ပါတယ်။ အပြစ်ပြောလိုရင်း မဟုတ်ပါ။ အဲဒီလို အမှားမျိုး နောက်မဖြစ်ရလေအောင် ဘာတွေ လေ့လာသင့်တယ်ဆိုတာ အကြံပြုပေးတာပါ။ 

အဓိကအကြံပြုချက်တွေကို သေချာလေ့လာပြီး အင်္ဂလိပ်စာပေများကို များများဖတ်ပါ၊ အင်္ဂလိပ်လို မိန့်ခွန်းတွေကဲ့သို့ အသံဖိုင်များကို များများနားထောင်ပါ လို့ အကြံပြုချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

 Kyaw Swa Htoon

Pioneer English Centre (Maubin)